Sunday, October 23, 2016

ဆိပ်ဖြူမြို့နယ်တရားရုံး ဇာရီမှုအမှတ်-၁၄/၂၀၁၂ အမှု အပ်ဝရမ်းအတည်ပြုမှုနဲ့ ပတ်သက်လို့-

ဆိပ်ဖြူမြို့နယ်တရားရုံး ဇာရီမှုအမှတ်-၁၄/၂၀၁၂ အမှု အပ်ဝရမ်းအတည်ပြုမှုနဲ့ ပတ်သက်လို့- အခုရက်ပိုင်းအတွင်းကFacebook စာမျက်နှာတစ်ခုပေါ်မှာ လွန်စွာမှ အကျည်းတန် အရုပ်ဆိုးလှတဲ့ အဖြစ်အပျက်ကလေး တစ်ခုကို အမှတ် ထင် ထင် တွေ့မြင်လိုက်ရပါတယ်။ အဖြစ်အပျက်ကတော့ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တရားရုံးရဲ့ ဇာရီမှုအမှတ်-၁၄/၂၀၁၂ နဲ့ ပတ်သက်ပြီး အပ် ၀ါ ရမ်းကို ဆိပ်ဖြူမြို့နယ်တရားရုံးမှ ဘိလစ်စာရေးဒေါ်နွယ်နွယ်ဝင်းက ဆိပ်ဖြူ မြို့ အနောက်ပိုင်းရပ်ကွက်ရှိ ဒေါ်အေးကြည်နေအိမ်ကို ရုံးဝန်ထမ်း (၃)ဦး၊
လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့နဲ့ အတူ သွားရောက် အတည်ပြုတာဝန်ဆောင်ရွက်ရာမှာ လုံခြုံရေး အတွက် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါခဲ့သော်လည်း ဘိလစ်စာရေးမကြီး အတွက် လုံခြုံမှု ကင်းမဲ့ခဲ့ရပြီး အိမ်ရှင် ဒေါ်အေးကြည်ရဲ့သမီး မဆုမွန်ထွန်း ဆိုသူက တရား ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းကို လက်မခံဘဲ ခုခံတားဆီးခြင်း၊ ကိုယ်ထိ လက်ရောက် နာကျင်စေမှုဖြစ်အောင် ဆံပင်ဆွဲပြီး လုံးထွေးသတ် ပုတ်မှု ကို ခံခဲ့ရခြင်းတို့အား ရိုက်ကူးထားသည့် Video File လေးတစ်ခုကို ကြည့်ရှု လိုက်ရလို့ ဖြစ်ပါတယ်။ ဒီနေရာမှာ သာမန်ပြည်သူပြည်သားများအနေနဲ့ဇာရီမှုဆိုတာကိုသိရှိ စေဖို့ လည်း အနည်းငယ်ရှင်းပြလိုပါတယ်။ ဇာရီမှုဆိုတာ တရားမ မူလမှုကြီးမှာ ချမှတ်ခဲ့တဲ့ စီရင်ချက် အမိန့်နဲ့ ဒီကရီကို အကောင် အထည်ဖေါ်ပေးဖို့ နောက် ဆက်တွဲ ဖွင့်လှစ်ဆောင်ရွက်ရသည့် အမှုကို ခေါ် ဆိုခြင်းဖြစ်ပါတယ်။ တရားမမူလမှုမှာ တရားရုံးက တရားလိုအပေါ် အနိုင်ဒီကရီ ချမှတ်ပေးခဲ့သည့် တိုင် တရားနိုင်ဟာ တရားရုံးက ချမှတ်ပေးခဲ့တဲ့ အနိုင်ဒီကရီ ရဲ့ အသီးအပွင့် များကို ချက်ချင်းခံစားခွင့် မရနိုင်သေးပါဘူး။ တရားမမူလမှုမှာ အမိန့်ချ မှတ်ပြီး တဲ့နောက် တရားရှုံးဖြစ်သူက ကျေကျေနပ်နပ်နဲ့ အမိန့်အတိုင်း လိုက် နာပြီး တရားနိုင် ရသင့်ရထိုက်တာကို ပေးလိုက်မည်ဆိုလျှင်တော့ အမှုပြီး သွား နိုင်ပေမဲ့ တရားရှုံးက တရားမမူလမှုမှာ ချမှတ်ခဲ့တဲ့ အမိန့်အတိုင်း လိုက်နာမှု မရှိခဲ့ဘူးဆိုရင် တရားနိုင်ဟာ အနိုင်ဒီကရီချမှတ်ပေးခဲ့တဲ့ တရားရုံးမှာ အနိုင် ဒီကရီကို ဆက်လက်အကောင်အထည်ဖေါ်အတည်ပြုပေးဖို့ လျှောက်ထားကြ ရပါတယ်။ အဲဒီလိုလျှောက်ထားတဲ့အခါ သက်ဆိုင်ရာ တရားရုံးက ဇာရီမှုဖွင့် လှစ်ပြီး တရားနိုင် ရရှိထားခဲတဲ့ အနိုင်ဒီကရီကို အတည်ပြုပေးရပါတယ်။ အဲဒီလို ဖွင့်လှစ်ပေးရတဲ့ အမှုကို ဒီကရီကို အတည်ပြုပေးစေလိုမှု သို့မဟုတ် ဇာရီမှု လို့ ခေါ်ဆိုခြင်းပဲဖြစ်ပါတယ်။ ဒီလို ဇာရီမှုဖွင့်လှစ်ဆောင် ရွက်ပေးရတဲ့အခါ အဆိုပါတရားရုံးအနေနဲ့ ဘယ်လိုကိစ္စရပ်များကို ဘယ် အတိုင်းအတာအထိ လုပ်ပိုင်ခွင့်ရှိသလဲဆိုတာ ကို လည်း ဗဟုသုတအလို့ငှာ တင်ပြချင်ပါတယ်။ ဒီကရီကို အတည်ပြုပေးရတဲ့ တရားရုံးအနေနဲ့ - (၁) အနိုင်ဒီကရီမှာ သီးခြားဖော်ပြထားတဲ့ တရားရှုံးပိုင် မည်သည့်ပစ္စည်း ကိုမဆို တရားနိုင်သို့ လက်ရောက်ပေးအပ်စေခြင်း။ (၂) တရားရှုံးပိုင် မည့်သည့်ပစ္စည်းကိုမဆို ၀ါရမ်းကပ်၍ ရောင်းချစေခြင်း (သို့မဟုတ်)၀ါရမ်းမကပ်ဘဲ ရောင်းချစေခြင်း။ (၃) တရားရှုံးကို ဖမ်းဆီးပြီး ထောင်တွင် ချုပ်နှောင်ထားစေခြင်း။ (၄) ပစ္စည်းထိန်းတစ်ဦး ခန့်အပ် ဆောင်ရွက်စေခြင်း။ (၅) အနိုင်ဒီကရီမှာ ခွင့်ပြုထားတဲ့ အကျိုးခံစားခွင့်ရဲ့ သဘောသဘာဝ အလျောက် လိုအပ်သမျှ ခွင့်ပြုမိန့်ချမှတ်ခြင်းစတဲ့ ကိစ္စများကို ဆောင်ရွက်ပေး နိုင်ခွင့် ရမှာဖြစ်ပါတယ်။ ဒါတွေကတော့ တည်ဆဲ တရားမကျင့်ထုံးကိုဓ ဥပဒေ က ပြဋ္ဌာန်းပေးထားချက်များပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘိလစ်ဟာ ဒီကရီကို အတည်ပြုပေးရာမှာ အထက်မှာ ဖေါ်ပြထားတဲ့ နည်းလမ်းများအနက် အမှု အပေါ်မူတည်ပြီး သက်ဆိုင်တဲ့ နည်းလမ်းနဲ့ အတည်ပြုသွားမှာပဲဖြစ်ပါတယ်။ Facebook ပေါ်မှာ မြင်တွေ့လိုက်ရသည့် Video File ထဲမှာတော့- ‘’အကြွေး ဖြင့် အိမ်ဝိုင်းသိမ်း” ၊ ‘’ ရဲမေနှစ်ဦးမှ ချုပ်ထားစဉ်” ၊ ‘’မကွေးတိုင်း ဆိပ်ဖြူမြို့နယ်တရားရုံးဝန်ထမ်း၊ ရဲ၊ အုပ်ချုပ်ရေးတို့မှ လာရောက်စဉ်” စတဲ့ စာသားများကို ယှဉ်တွဲရေးသားဖေါ်ပြထားသည်ကိုလည်း တွေ့မြင်ရပြီး ၄င်း Video File တက်လာပြီး သိပ်မကြာခင်မှာ ‘’အဖြစ်မှန်က ဒီလိုပါ”ဆိုပြီး အချင်းဖြစ်ကိစ္စကိုပဲ တစ်ချိန်တည်းမှာ ရိုက်ထားတဲ့ နောက်ထပ် Video File တစ်ခု တက်လာပြန်ပါတယ်။ ဒီတော့မှ မည်သည့်အဖြစ်အပျက်က အမှန်ဆို တာကို ရှင်းရှင်းလင်းလင်း သိရှိရပါတော့တယ်။ မူလပထမ Video File အရ တရားရှုံးဖြစ်သူရဲ့ သမီးက(မူလကတည်းက ပြည်သူ့ဝန်ထမ်းဖြစ်သူ တရားရုံး ဘိလစ်အား ရန်ပြုရန် အစီအစဉ်ရှိပုံရပြီး ဘောင်းဘီရှည်ဝတ်ဆင်ထားတာ ကို တွေ့ရှိရ)တရားရုံး ဘိလစ်စာရေးဒေါ်နွယ်နွယ်ဝင်းအား ဆံပင်ဆွဲ လုံးနေ တာကြောင့် ရဲမေနှစ်ဦးက ဘိလစ်ရဲ့ဆံပင်ကို ဆွဲထားတဲ့ တရားရှုံးရဲ့သမီးဖြစ် သူရဲ့ လက်ကို ခက်ခက်ခဲခဲ ဖြေပေးနေတာကို ရဲမေနှစ်ဦးကပါ တရားရှုံးကို ချုပ်ပေးနေတဲ့သဘော မမှန်မကန်စာတမ်းထိုးတင်ပြထားသည်ကို တွေ့ရ မှာဖြစ်ပါတယ်။ ဒုတိယ တက်လာသော အဖြစ်မှန် Video File ကို ကြည်တဲ့ အခါတွင်မှ ပိုမို ရှင်းလင်းသွားပြီး အိမ်ရှင်ဖြစ်သူရဲ့ သမီးက ဆိပ်ဖြူမြို့နယ် တရားရုံး ဘိလစ်စာရေးဒေါ်နွယ်နွယ်ဝင်းက အပ်ဝါရမ်း အတည်ပြုရန် နည်း လမ်းတကျ ဖတ်ပြဆောင်ရွက်စဉ် လုံခြုံရေး ရဲမေများကို ကျော်ဖြတ်ပြီး ဇွတ် ၀င်လုံးကာ ဘိလစ်ဒေါ်နွယ်နွယ်ဝင်းရဲ့ ဆံပင်ကို ဆွဲပြီး ကိုယ်ထိလက်ရောက် လုံးထွေးသတ်ပုတ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံရေးလိုက်ပါ လာတဲ့ ရဲမေနှစ်ဦးက ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘိလစ် စာရေး ဒေါ်နွယ်နွယ်ဝင်းရဲ့ ဆံပင်ကို ဇွတ်ဆွဲပြီး ဇွတ်ဝင်လုံးနေတဲ့ မဆုမွန်ထွန်း ရဲ့ လက်ကို ခက်ခက်ခဲခဲ ဖြည်ပေးနေသည်ကို တရားရှုံးမဆုမွန်ထွန်းကိုပင် ရဲမေ များက ချုပ်ပေးနေသည့်နှယ် မမှန်မကန်ရေးသားတင်ပြခဲ့တာကို တွေ့ ရှိနေရ ပါတယ်။ ဒါ့ပြင် အချို့အချို့သော သူတို့ကလည်း တရားလို ဒေါ်ခိုင်ယဉ် မွန် အနေနဲ့ တရားရှုံးမိသားစုအား ငွေကို အတိုးနဲ့ချေးထားရာမှ ပြန်လည် မပေး ဆပ်နိုင်တဲ့အတွက် တရားရှုံးမိသားစုပိုင် အိမ်နှင့်ဝိုင်းကို မတရားသဖြင့် သိမ်း ဆည်း။ ဒီလို သိမ်းဆည်းနိုင်အောင် တရားရုံးကလည်း ဘက်လိုက်ဆောင် ရွက်ပေးသယောင် ထင်ယောင်ထင်မှားဖြစ်စေမည့် ‘’ အကြွေးဖြင့် အိမ်ဝိုင်း သိမ်း” ဆိုတဲ့ စာသားကို Video File နှင့်အတူ ပူးတွဲတင်ပြထားတာကြောင့် ယနေ့တရားစီရင်ရေး စနစ်အပေါ် အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးပြီး အင်တာနက်စာမျက်နှာပေါ်သို့ တင် ခဲ့ ကြောင်းလည်း သုံးသပ်တွေ့ရှိရမည်ဖြစ်လေသည်။ ဒီလို အင်တာနက်စာ မျက်နှာပေါ်မှာ အမှန်ကို အမှားဖြစ်အောင် ဖန်တီးလုပ်ကြံပေးနိုင်ဖို့ကလည်း နည်းပညာနဲ့ပတ်သက်ပြီး လုပ်တတ်ကိုင်တတ်သူဖြစ်မှသာ ဆောင်ရွက်နိုင် မှာဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။ အကြွေးနဲ့ အိမ်ဝိုင်းသိမ်းခြင်းဟုတ်/မဟုတ် စုံစမ်း မေးမြန်းကြည့်တဲ့ အခါ တရားရှုံးတို့မှ တရားနိုင်သို့ အိမ်နှင့်ဝိုင်းကို ရောင်းချခဲ့ခြင်းဖြစ်ပြီး ထိုသို့ ရောင်းချ ခဲ့တာကလည်း မှတ်ပုံတင်စာချုပ်နဲ့ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်ပင် တရားရှုံးတို့ ကိုယ်တိုင် လိုက်ပါပြီး စာချုပ်မှာ လက်မှတ်ရေးထိုး ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း၊ တရားဝင် ရောင်းချခဲ့ခြင်းဖြစ် ၍ မြေစာရင်းရုံးပုံစံ၁၀၅မှတ်ပုံတင်စာအုပ်ကြီးမှာလညတရားလို ဒေါ်ခိုင်ယဉ်မွန် ရဲ့ အမည်ပေါက်ထားပြီးဖြစ်ကြောင်း၊ နောက်ပိုင်း အိမ်က ဆင်းမပေးကြတဲ့ အတွက် တရားလိုက အရောင်းအ၀ယ် စာချုပ်ပါအတိုင်း အိမ်နှင့်အိမ်ဝိုင်း လက်ရောက်ပေးအပ်စေရန် ‘’ပဋိညာဉ် အတိုင်း လက်ရောက်ပေးအပ်စေလိုမှု” စွဲဆိုခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရှိရ ပါတယ်။ အဆိုပါ တရားမကြီးမှုမှာလည်း အထက်အဆင့်တရားရုံးများသို့ အဆင့်ဆင့် တက်ရောက်ခဲ့ကြရာ ပြည်ထောင် စုတရားလွှတ်တော်ချုပ်မှပင် အောက်ရုံး အမိန့်ကို မှန်ကန်မှုရှိတဲ့အတွက် အတည်ပြုထားပြီးဖြစ်ကြောင်း သိရှိရပါတယ်။ သို့ဖြစ်ရာ ဆိပ်ဖြူမြို့နယ်တရားရုံးက ချမှတ်ခဲ့သော အမိန့်ဟာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်အထိ အတည်ပြုခံခဲ့ရပြီး ဖြစ် ကြောင်း စုံစမ်းသိရှိခဲ့ရပါ တယ်။ ဥပဒေနှင့်အညီ မှန်ကန်စွာ ချမှတ်ထားသည့် အမိန့်ဖြစ်ကြောင်းမှာ ထင် ရှားနေပါတယ်။ ဒီလောက်ဆိုရင် အချို့အချို့သော ပုဂ္ဂိုလ်တို့ သိချင်နေကြတဲ့ ‘’ဆိပ်ဖြူမြို့နယ်တရားရုံးက မူလတရားမကြီးမှုမှာ ချမှတ်ထားခဲ့တဲ့အမိန့်ဟာ မှန်ကန်ပါရဲ့လား”ဆိုတဲ့ မေးခွန်းအတွက် အဖြေဟာ လုံလောက်ပြီလို့ ဆိုရ ပါမယ်။ ဒါ့အပြင် ဆိပ်ဖြူမြို့နယ်တရားရုံးအနေနဲ့ ဤဇာရီမှုကို မျှတမှန်ကန်စွာ ဆောင် ရွက်ခဲ့ခြင်း ရှိ/မရှိဆိုတဲ့အချက်ကို ချင့်ချိန်ကြည့်တဲ့အခါ ယခုဇာရီမကို ဖွင့် လှစ်ဆောင်ရွက်ခဲတာဟာ၂၀၁၂-ခုနှစ်ကတည်းက ဖွင့်လှစ်ဆောင်ရွက် ခဲ့ ကြောင်းနှင့် ဤဇာရီမှုအတွက် အပ်ဝါရမ်း အတည်ပြုဖို့ဆောင်ရွက်ခဲ့တာဟာ စုစုပေါင်း(၁၃)ကြိမ်တိုင်တိုင် ရှိပြီဖြစ်ကြောင်း သိရှိရပြီး ယခုနောက်ဆုံး အကြိမ် အထိ တရားရှုံးများက အမျိုးမျိုး ခုခံနေတာကြောင့် အပ်ဝါရမ်းမှာ အတည် မဖြစ်သေးကြောင်းလည်း သိရှိရပါတယ်။ ထိုကာလအတွင်း တာဝန် ၀တ္တရားဆောင်ရွက်မှုကို ခုခံတားဆီးနှောက်ယှက်ခဲ့ခြင်းအတွက် ဘိလစ်မှ တရားစွဲဆိုခဲ့ရာတရားရှုံးဒေါ်အေးကြည်မှာရာဇသတ်ကြီးပုဒ်မ-၃၅၃အရ ထောင်ဒဏ်(၃)လချမှတ်ခြင်းကိုလည်း ခံခဲ့ရဘူးကြောင်း၊ ထို့အတူ တရားရှုံး မိသားစု ၀င်များရဲ့ တာဝန်ဝတ္တရား နှောက်ယှက်မှုအတွက် တရားစွဲ ထားသော သီးခြားအမှုများလည်း ရှိနေသေးကြောင်း လေ့လာသိရှိရပါတယ်။ ဇာရီမှုများမှာ အပ်ဝါရမ်း အတည်ပြုကြရတဲ့ ဘိလစ်တာဝန်ထမ်း ဆောင်ရသူ စာရေးများအနေဖြင့် တစ်ကြိမ်တည်းဖြင့် အတည်ပြုလို့ ရနိုင် တာမျိုး မရှိ သလောက်ပါပဲ။ စိတ်ဆန္ဒစောပြီး တက်တက်ကြွကြွ မြန်မြန် ဆန်ဆန် အတည်ပြုမိပြန်လျှင်လည်း တရားရှုံးများရဲ့ တိုင်ကြားမှုခံရနိုင်သလို အပ်ဝါရမ်း အတည်ဖြစ်သင့်တဲ့အချိန်မှာ မဖြစ်ပြန်ရင်လည်း တရားနိုင်ရဲ့ စွပ်စွဲတိုင်ကြားမှုကို ခံရနိုင်ပြန်ပါတယ်။ တစ်ခါတစ်ရံ အသက်ကိုပင် ရန်ရှာ တဲ့အထိ ဖြစ်တတ်ကြ တာကို ယခုဆိပ်ဖြူမြို့နယ်တရားရုံး အပ်ဝါရမ်း အတည်ပြုခြင်း Video File က သက်သေပြနေပါတယ်။ အခုဖြစ်ပျက်ခဲ့တဲ့ ဆိပ်ဖြူမြို့နယ်က အပ်ဝါရမ်း အတည်ပြုမှုမှာလည်း ဘိလစ်လုပ်သူဟာ သူ အားကိုးတကြီးခေါ်ဆောင်သွား ခဲ့တဲ့ တရားဥပဒေစိုးမိုးရေးအတွက် အဓိက တာဝန်ရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အကူအညီကို မရရှိခဲ့ခြင်းကလည်း အင် မတန် ၀မ်းနည်းဖွယ်ကောင်းလှပါ တယ်။ ရဲမေလေးများရဲ့ ဆောင်ရွက်မှုက လည်း လုပ်သက်နုနယ်မှု တို့ကြောင့် လို့ပဲ ထင်ပါတယ်။ အားပျော့လွန်းလှတာ တွေ့မြင်ရပါတယ်။ အမျိုးသားဖြစ်တဲ့ ရဲအရာရှိအနေနဲ့ကတော့ လက်ဝှေ့ပွဲ ကျင်းပနေတဲ့ ကြိုးဝိုင်းပေါ်မှာ ထိုးသတ်နေ ကြတာကိုထိုင်ကြည့်ရုံပဲကြည့် နေတဲဒိုင်လူကြီးလိုဖြစ်နေပါတယ်။ နောက်ဆုံးသေမှသာ အလောင်းကောက်မဲ့ သဘောလိုဖြစ်နေ ပါတယ်။ ဒီလို ပြောလို့ ၀င်ရောက် ရိုက်နှက်ပေးရမယ်လို့ မဆိုလိုပါဘူး။ ထိရောက်တဲ့ ကာကွယ်မှုပြုပေးဖို့သာ ဆိုလိုရင်း ဖြစ်ပါတယ်။ ဒီအခြေအနေ အထိ ဖြစ်ပျက်နေ တာကို အချိန်မီတားဆီးနိုင်ခြင်း မရှိခဲ့တာဟာ နောင်ကာလများမှာ ဘိလစ်များ အလားတူကိစ္စမျိုး ဆောင်ရွက်ကြတဲ့အခါ စိုးရိမ်ဘွယ်ရာအခြေအနေရှိ ကြောင်း ညွှန်ပြနေသလိုပါပဲ။ အငိုက်မိသွားနိုင်တဲ့ အခြေအနေပါ။ နှစ်ဘက် စလုံး မိန်းကလေးများဆိုပေမဲ့တစ်ဖက်ကတရားရှုံးရဲ့သမီးဟာအချင်းဖြစ်စဉ်က ဘောင်းဘီရှည် ၀တ်ဆင်ထားပြီးသားဖြစ်နေတာကို တွေ့ရှိရတဲ့အတွက် အပ်ဝါရမ်းလာရောက် အတည်ပြုတဲ့အခါ ဘိလစ်ကို ရန်ပြုတိုက် ခိုက်ဖို့ ကြို တင်ပြင်ဆင်ထားပုံရပါတယ်။ အကယ်၍သာ ဘောင်းဘီအိတ်ထဲမှာ ဓားမြှောင် လို ချွန်ထက်တဲ့ လက်နက်တစ်မျိုးမျိုး ထည့်ယူလာပြီး လုံး ထွေး သတ်ပုတ်ရင်း ထိုးလိုက်ရင် လူ့အသက်တစ်ချောင်း မသေသင့်ဘဲ သေဆုံးမှုမျိုးအထိ ဖြစ်သွား နိုင်တယ်ဆိုတာကို တွေးဆဆင်ခြင်သင့်ပါတယ်။ ဒါကြောင့် နောင်အလားတူ အမှုများ အတည်ပြုရာမှာ ဘိလစ်များ ရဲရဲဝံ၀ံ တာဝန်ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေရဲ့ အကာအကွယ်ကို ရသင့်ပါတယ်။ အခုဖြစ်ပျက်တဲ့ ကိစ္စမှာလည်း ဘိလစ်က တာဝန်ဝတ္တရား နှောက်ယှက်မှု၊ နာကျင်စေမှုစသည်တို့နဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပြီးဖြစ် တယ်လို့ သိရှိရပါတယ်။ နောင် တာဝန် ၀တ္တရား ဆောင်ရွက်ကြသူတို့ ဘေးကင်းလုံခြုံမှု ရှိစေဖို့ ဥပဒေနဲ့ ညီညွတ်ပြီး ထိရောက်တဲ့အရေးယူမှုမျိုး ဆောင်ရွက်သင့်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အစီအမံများလည်း ချမှတ် ဆောင်ရွက်သင့်ပါတယ်။ မြို့နယ်တရားရုံးများမှာ ဘိလစ်ကို ဖြစ်နိုင်သမျှ အမျိုးသားများကိုသာ ခန့်အပ် သင့်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့လည်းအပ်ဝါရမ်းများအတည်ပြုဆောင် ရွက်ကြရာမှာ ထိရောက်တဲ့ အကာ အကွယ်ပေးသင့်ပါတယ်။ ထို့အပြင် တရားရုံးများအပေါ် အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေဖို့ မှန်ကန်မှု မရှိတဲ့ ပြောင်းပြန်အခြေအနေဖြစ်အောင် လုပ်ကြံဖန်တီးထားတဲ့ Video File တင်တဲ့ Facebook account ပိုင်ရှင်ကိုလည်း စုံစမ်းဖေါ်ထုတ်ပြီး အရေးယူ သင့်ပါတယ်။ ထို့အတူ မြေအပ်ဝါရမ်းအတည်ပြုရာမှာ ရာဇ၀တ်မှုဖြစ်နေ တာကို ဒီအတိုင်းကြည့်နေတဲ့ တာဝန်ရှိရဲတပ်ဖွဲ့ဝင်များနဲ့ ပတ်သက်လို့လည်း လိုအပ်သလို ဆက်လက်ဆောင်ရွက်သင့်တယိလို့ မြင်မိပါကြောင်း တင်ပြ လိုက်ရပါတယ်။ သက်ဆိုင်ရာ ခရိုင်တရားသူကြီး၊ တိုင်းဒေသကြီးတရားလွှတ်တော်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့အနေနှင့်လည်း လိုအပ်သလို ဆက် လက် အရေးယူဆောင်ရွက်ပေးမှု များပြု သင့်ကြောင်းတင်ပြလိုက်ရပါတယ်။ အောင်စိုး(ပြည်)

No comments:

Post a Comment